TALKING CAT


စကားပြောသောကြောင်ကလေး

ရန်ကုန်နေသည် ပူလှ၏။
တစ်ချက်တစ်ချက် တိုက်လာသော လေနုအေးသည် တန်ဖိုးရှိလှ၏။
 ရွှေတိဂုံစေတီတော်ကြီးအား ခပ်ပျပျ မြင်နေရပြီဖြစ်သည်။ ကျွန်ုပ် အရိပ်ခိုနေသော ညောင်ပင်အောက်တွင် ဘယာသည် ကုလားလေးနှင့် ကြောင်တစ်ကောင်သည် အေးအေးလူလူ ထိုင်နေကြ၏။
ကျွန်ုပ်သည် ဆာလောင်ခြင်း မောပန်းခြင်းတို့ နှင့်အတူ ဘယာကြော်သည်ဘေးရှိ အုတ်ခုံလွတ်တွင် ခြေပစ်လက်ပစ် ထိုင်မိလေတော့၏။ တဆက်တည်းပင် ဘယာကြော် ၅၀၀ ဖိုးဝယ်ကာ စားရလေတော့၏။
 တိုအခိုက်တွင် ကြောင်ကလေးမှ ညောင်. . . . ဟုထအော်လေရာ ဘယာကြော်ကုလားလေးသည် ပြုးစိပြုံးစိ ဖြစ်သွားလေ၏။ ကျွန်ုပ်မှာလည်း သိချင်သော်လည်း မောလှ ၊ဆာလှသည်ဖြစ်ရာ ရေနွေးကြမ်း နှင့် ဘယာ ကိုသာ အငမ်းမရစားလေ၏။
 အချိန်အတန်ကြာသော အခါ ကျွန်ုပ်သည် ကြောင်ကလေးကို သတိပြုမိလာ၏။ ၄င်းသည် မကြာခဏ တညောင်ညောင် အော်လေ၏။ ဘယာသည်မှာလည်း ၄င်းအော်တိုင်း ပြုံး၏။ တခါတရံတွင် အသံထွက်သည်အထိ ရယ်လေ၏။ ကျွန်ုပ်မှာ သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ။
“ခင်ဗျားက ကြောင်အော်တိုင်း ဘာလို့ပြုံးရတာလဲ ဟုမေးမိလေ၏။”
ဘယာငည်လေးခမျာ  “ မသိချင်ပါနဲ့ဆရာသမားရယ်” ဆိုကာ ဘယာအိုးကိုသာ မွှေနေလေ၏။
ကျွှန်ုပ်မှာလည်း မနေနိုင်အောင်သိချင်လှသည်ဖြစ်ရာ မရမကမေးလေရာ။ ကုလားလေးမှ
“ အကိုကြီး ကကျွန်တော်ပြော မယ်ဆို ယုံမှာ မဟုတ်ဘူး။ဒါပေမယ့် သိပ်မကြာခင် ယုံသွားလိမ့်မယ်။ ဒီကြောင်က ရိုးရိုးကြောင်မဟုတ်ဘူး ကြောင် အင်ဂျင်နီယာ။ နောက် ကျနော်ကလည်း ရိုးရိုးဘယာသည် မဟုတ်ဘူး ကြောင်စကားတတ်တဲ့ ဘယာသည် အကိုကြီးရေ။ “ ဟု လွန်စွာ ဂုဏ်ယူလှသော ဟန်ပန်ဖြင့် ဖြေလေရာ။ ကျွန်နုပ်မှာ စိတ်မထိန်းနိုင်ဘဲ ရီမိလေတော့၏။ ထို အခါကြောင် ကလေးသည် ညောင် ညောင် ညောင် ဟု မရပ်မနားအော်လေတော့၏။ ကျွန်နုပ်လည်း “ မင်းကြောင်လေးက ဘာဖြစ်တာလည်း “ ဟုမေးရာ “ သူလည်းသဘောကျလို့ ရီနေတာဗျ “ ဟုပြောလေ၏။
ထိုအချိန်တွင် လူနှစ်ယောက်မှာ မီးအားမြှင့်စက် တပ်ပြီးနောက် မီတာခများပိုဆောင်နေရကြောင်း ပြောသွားကြလေ၏။ ကြောင်ကလေးသည် ကျွန်ုပ်ဆီသို့ ကြည့်ကာ တညောင်ညောင် အော်လေ၏။ ကုလားလေးမှ “ လူဖြစ်ပြီး ဒါလေးတောင် မသိဘူး “ လို့ ပြောနေတာဟု ဘာသာပြန်ပေး၏။  “ အံမယ် ကြောင်ကကြောင်စကား မပြောဘူး။ မင်းကဘာသိလို့ လဲ “ ဟုမာန်လိုက်ရာ။ တညောင် ညောင် ဖြင့်ပြန်အော်လေတော့၏။ ကုလားလေးဘာသာပြန်ပေးချက်အရ သိရသည်မှာ။
“ မီးအားမြှင့်စက်ဆိုတာ ရေစင်လိုပဲ။ ရေစည်ထဲက ရေတွေကို ဖိအားများချင်ရင် ရေစင်မြင့်မြင့်ဆောက်ပြီးတင်သလိုပဲ။ ခုလဲလမ်းကမီးက ဖိအားနည်းလွန်းတော့ ရေစင်နဲ့တူတဲ့ မီးမြင့်စက်တပ်ကြတာ။ လူတွေက တုံးတယ်ပြောရင် မကြိုက်ချင်ဘူး။အိမ်မှာသုံးတဲ့ လျှပ်စစ်စက်တွေဟာ လျပ်စစ်ဖိအား များများရကြတော့ သူတို့ထဲမှာ စီးနေတဲ့ အမှုန်တွေဟာ ပိုမြန်လာတယ်။ လူလိုပြောရင်တော့ အမ်ပီယာတက်လာတယ်ပေါ့။ အဲဒီတော့ ဖိအားများမယ် အမှုန်တွေမြန်မြန်စီးမယ် မီတာလည်းတက်မယ်။ ဒါလေးများ။ “ ဟုသိရလေ၏။
 ကျွန်ုပ်သည် လွန်စွာအံ့သြသောကြောင့် “ မင်းကြောင်ကလည်း အင်ဂျင်နီယာ ထက်တောင်သိသေးတယ်။” ဟုချီးမွမ်းမိလေ၏။ အကိုကြီးရေ ဒီကြောင်က အစက အင်ဂျင်နီယာ အိမ်မှာ နေတာ။ အဲဒီအင်ဂျင်နီယာက မိန်းမယူချင်တာ တပိုင်းသေနေတာပဲ။ သူစင်ကာပူသွားတော့ ကျနော့်ပေးခဲ့တာ။မြောက် ဥက္ကလာကလေ။ သူကကြောင်စကား မတတ်တော့ ဒီကြောင် အကြောင်း မသိဘူး။ဒီကြောင်ကလည်း အကုန်သိ အကုန်တတ်။ကြုံမကြုံဖူးပါဘူးဗျာ။ “ ဟုစိတ်ရှည် လက်ရှည် ရှင်းပြလေ၏။
 ထိုအခိုက် ကြောင်ကလေးသည် ညောင်ဟုအော်ကာ ဘယာသည်ခြေထောက်အား လက်နှင့်ပုတ်လေ၏။
“ အကိုကြီးရေ ညနေ၃ နာရီထိုးပြီ ပြန်ကြရအောင်လို့ ပြောနေတာဗျ။ “ ဆိုကာ ကြောင်ကလေးကိုတစ်ဘက်က ပွေ့ကာ ဘယာကြော်ဆိုင်းအား ဆွဲကာ ကျွန်ုပ်အား နှုတ်ဆက်ကာ ကမ်းနားဘက်သို့ တဖြည်းဖြည်း ဆင်းသွားလေ၏။
 ကျွန်ုပ်သည် ရန်ကုန်ကို မရောက်သည်မှာ ကြာပြီဖြစ်သည်။ သင်တို့သည် ရွေတိဂုံ ဘုရားဝန်းကျင်တွင် ကြောင်ကလေးတစ်ကောင် နှင့် ဘယာကြော်ကုလားလေး ကိုတွေ့ဖူးကြမည်ဖြစ်သည်။ ကြောင်ကလေးသည် အင်ဂျင်နီယာ ဖြစ်ကြောင်း။ ကုလားလေးသည် ကြောင်စကားတတ်ကြောင်း ရှင်းပြရန် လိုမည်မဟုတ်ပေ။

သဗ္ဗေသတ္တာကမ္မသကာ
ဝါးကြီး
(စာရေးစရာ၊ ဗေဒင်ပညာရှင် ဖြစ်သော အဘမင်းသိင်္ခအား သတိရသဖြင့်ရေးသည်။)

Comments

Popular posts from this blog

Inductance caculator

Pointer to object array